Sunday 2 September 2012

လမ်း



ငါတို့ရှင်သန်ရာ အကြောင်းအရာတွေများလွန်းလို့
ခေါင်းစဉ်ကိုအရင်မတပ်ချင်ဘူး
သူငယ်ချင်း
လူ့ဘ၀ဆိုတာ တို့ငယ်ငယ်က ကန်တဲ့ဘောလုံးလိုပဲ
ကြာလာလေ အဖာအထေးများလာလေလေ
ငါက မန်ချက်စတာယူနိုက်တက်နဲ့
တရုတ်ကပြားမလေးကို ကြိုက်ခဲ့သလို
မင်းက တရုတ်ကုန်ပစ္စည်းကို မုန်းပြီး
လေးဖြူကို ကြိုက်တယ်
ပြီးတော့
အချစ်ကို ဘေထုပ်တီရှပ်လိုထည်လဲဝတ်တယ်
ပြီးတော့
ကနွဲ့ကလျနဲ့ ငါ့ရှေ့လွမ်းပြတတ်သေးတယ်
ဂစ်တာပေါ်ကျတဲ့ မင်းမျက်ရည်ဟာ
မြက်ခင်းပေါ်ကနှင်းလို
လရောင်အောက် ဖိတ်ဖိတ်တောက်လို့
ဖယောင်းတိုင်အောက် ကဗျာရေးတဲ့ငါနဲ့
အမှောင်ကို ကီးချိန်းတဲ့မင်း
ငွေကို ဒုတိယဘုရားသခင်လို့ထင်တဲ့လူတွေကြားထဲ
မင်းနဲ့ငါ့ရဲ့အနုပညာဟာ လူရာမ၀င်ခဲ့ဘူး
မင်းကိုချန်ထားပြီး
ငါ့ကိုတွန်းရွှေ့လိုက်တဲ့အမြန်ရထားဟာ
ပြက္ခဒိန်ပေါ်က တွားသွားသတ္တ၀ါပဲ
ကမ္ဘာကြီးလုံးနေတုန်းက
ငါတို့ လက်ဖက်ရည်ဆိုင်မှာတရုန်းရုန်း
အခု ကမ္ဘာကြီးပြားကာမှ
တစ်ယောက်ကိုတစ်ယောက် ရှာမတွေ့ရတယ်လို့ကွာ …
ငါကတော့
မနေ့က လောကဓံအဟောင်းကိုချွတ်ပြီး
ဒီကနေ့ လောကဓံအသစ်နဲ့လဲဝတ်တယ်
မင်းကရော
ဂစ်တာပေါ်က မင်းလက်ကိုအကွက်ရွှေ့သလို
မြေကြီးပေါ်က မင်းခြေထောက်ကိုရော
ဘယ်ကို ရွှေ့နေပြီလဲ
ရွှေ့ထား သူငယ်ချင်း
အဲ့ဒီ့ထောင့်မှာ ပေရပ်နေရင်
မင်း အလဲထိုးခံရလိမ့်ဦးမယ်
ငါကတော့
အဲဒီ့ကြိုးဝိုင်း အပြင်ဘက်က
ဘယ်လက်ခုပ်သံကိုမှ မဆာလောင်တော့ဘူး
သံသရာအတွက်
အမေပြပေးတဲ့ တရားနဲ့
သိမ်သိမ်မွေ့မွေ့ ခေါင်းမာတယ်
သတ္တိအတွက်
အဖေချပေးတဲ့ ဓါးနဲ့
တွေးတွေးခေါ်ခေါ် မိုက်မဲတယ်
ဘ၀အတွက်
အပေါင်းအသင်းမမှားဖို့
လူကြီးမိဘ ဆုံးမတဲ့ကြားက
အနုပညာနဲ့ပေါင်းရင်း ကဗျာနဲ့အိမ်ထောင်ကျတယ်
တစ်မိပေါက်တစ်ယောက်ထွန်း
လူနက္ခတ်နဲ့သိဟ်ရာသီဖွား ငါ့ဗီဇကိုက
ထုတ်ပြီးတဲ့ ဓါးကိုမခုတ်ရဘဲ
ဓါးအိမ်ထဲ ပြန်မသွင်းတတ်တဲ့
အဲဒီလို ခပ်ရိုင်းရိုင်းဆာမူရိုင်းလိုကောင်
ငါ့သွေးကို စစ်ကြည့်တိုင်း
ဆေးမှင်ကြောင်ထိုးသလို
အနုပညာပိုးက positive ပြတယ်
ငါ့ရောဂါကို ဓါတ်မှန်ရိုက်ကြည့်တိုင်း
ကဗျာစားထားတဲ့ အသည်းက
ဇကာပေါက်တောင်ဖြစ်နေပြီတဲ့
ဘယ်ဆေးသောက်သောက်
မပျောက်ဘူး သူငယ်ချင်း
ငါ့မှာ ငှက်ဖျားလို တက်လွယ်၊ကျလွယ်
ဆန္ဒအမြီးတန်းလန်း စိတ်ကလေးရှိတယ်
ငါ့မှာ ထိလွယ်၊ရှလွယ်
အမှန်တရားနဲ့ မှန်စာတိုက်ထားတဲ့ နှလုံးသားရှိတယ်
ငါ့မှာ ရစ်ဘီးပျောက်နေတဲ့ နောင်တရှိတယ်
ငါ့မှာ အသိုက်အမြုံကိုဆန်တဲ့
အတောင်ပံ တစ်စုံရှိတယ်
ငါ့မှာ ဒဏ်ရာကို ခဏခဏပြန်ဆွတတ်တဲ့ အာရုံရှိတယ်
ငါ့မှာ ငါ့သက်ပြင်းကို ချောင်းနားထောင်တဲ့ ညတွေရှိတယ်
ငါ့မှာ ခေါင်းအုံးပေါ်စီးနေတဲ့ မြစ်နှစ်စင်းရှိတယ်
ငါ့မှာ ငယ်ဘ၀ကို ခေါင်းမြီးခြုံထားတဲ့ အိပ်ရာဝင်ပုံပြင်ရှိတယ်
ငါ့မှာ ၀မ်းရည်စပ်တဲ့ အမေ့ဓါတ်ပုံလေးရှိတယ်
ငါ့မှာ ကိုယ့်ပေါင်ကိုယ်လှန်ထောင်းတဲ့ ဘောပင်တစ်ချောင်းရှိတယ်
ငါ့မှာ အနာကို ပြာသိပ်ဖို့ ဆေးလိပ်ခွက်ကလေးလည်းရှိတယ်
ငါ့မှာ ထီးရိုးကျိုးနေတဲ့ ကံကြမ္မာနဲ့ကျွန်းခံနေတဲ့ မိသားစုရှိတယ်
ရှိတယ် …..
ရှိတယ် သူငယ်ချင်း
အဲ့ဒီ့အရှိတရားတွေနဲ့ ငါတို့အပေါ်ပိကျနေတဲ့ ခေတ်က
မြို့လယ်ခေါင်က ဗီနိုင်းကြီးတွေကိုမော့ကြည့်နေရသလိုပဲ
မြို့ကြီးပြကြီးထဲ တောခြောက်ခံနေရတဲ့ငါဟာ
မတ်စောက်တဲ့ မိသားစုကို တွယ်တက်နေရတယ်
တော်ပြီ သူငယ်ချင်း
ရှေ့ဆက်ပြောရင်
ငါ့ရင်ဘတ်ကို ငါ့အသံနဲ့ရိုက်ခွဲမိလိမ့်မယ်
မင်းအခုဘယ်မှာလဲ
ငါတို့ဘ၀တွေ
တစ်နေ့ အစားခံရမယ်ဆိုလည်း
ငါ့အရိုးကို သွေးပြီးအနာတရများနေတဲ့
ကမ္ဘာကြီးရဲ့အရေပြားပေါ်မှာကဗျာရေးမယ်
မင်းက သစ္စာတရားကို ဂစ်တာလိုထမ်းခဲ့
လောကရဲ့နံကြားမှာ အသားတစ်ဖက်အဖြစ်နဲ့
အသံမြည်နေတဲ့ အစာအိမ်တွေအတွက်သံစဉ်ရှာ
ပြီးရင်တော့
အဲဒီလမ်းမှာ မင်းနဲ့ငါ ……။     
                                                   ဆူးရဲ

2 comments:

  1. အကြိုက်ဆုံး လက်ဖက်ရည်ကျစိမ့်တစ်ခွက်ကို နှစ်နှစ်ကာကာ သောက်လိုက်ရသလိုပါပဲ...ဆရာဆူးရဲရေ။

    ReplyDelete
  2. လက်ရဲ ဇက်ရဲ ဓါးချက်များ

    ReplyDelete