Saturday 15 September 2012
အခန်းဆက် အလွမ်းစက်
အဝေးပြေးကားတွေပေါ်
အဝေးပြေးဘဝတွေ ထိုင်ခုံလွတ်မရှိဘူး
ကျွတ်ကျခဲ့တဲ့ ဖိနပ်တစ်ဖက်ဟာ ငယ်ဘဝ ဆိုလား
အရှိန်နဲ့ တစ်မြို့ စီ ဖြတ်တယ်
အရိပ်မရလို့  ခုတ်ထစ်ခံ လိုက်ရတဲ့ လွတ်လပ်မှု
ကိုယ်စီ ပဲ့ထွက်ခဲ့ တစ်နယ်တကျေး
တွယ်ချိတ်ထားတဲ့စိတ်လည်း
မျက်ရည်စိုတာနဲ့  သံကြေးတက်လွယ်
ဘဝကို လရောင်နဲ့ ကြိုးညှိ ဖို့ 
လမ်းသွားလမ်းလာ အလန်းဇယားတွေမှာ
ငါတို့  အနံ့ တွေ ပါမလာတော့ဘူး
တီးမိခေါက်မိရုံ အသံမြည်နေတဲ့ ကမ္ဘာ
ရွာဆန်နေပုံက
တစ်ရွာတည်းနေတာတောင် တစ်ရေတည်းသောက်မရ
မင်းလည်း
မြဝတီ ဆိုလား
ဘန်ကောက် ဆိုလား
ရောက်တတ်ရာရာ တံတားဆောက်ဖို့ 
ငါလည်း
အသက်ကို အနုပညာနဲ့  ထုပ်ရင်း
ရင်ဘတ်အလွတ်မှာ စက်ရုံဆောက်လို့ 
ခေတ်က
ကိုယ်ပျောက်လေယာဉ်ခေတ်ဆိုတော့
ကိုယ်ပျောက် ကဗျာ တစ်ပုဒ်
သတ္တုဓါတ်များတဲ့ ငါ့အလွမ်းနဲ့ ထုတ်လုပ်လိုက်တယ် ။
                                                                                   ဆူးရဲ
Monday 10 September 2012
အိမ်မဟုတ်တဲ့ အိမ်
ကြယ်မြင်လမြင်မိသားစု အိမ်ဟာ
ဘာလို့ ကြယ်မစုံရတာလဲ
ခေါင်ပျက်ခဲ့တဲ့ အိမ်မျက်နှာစာမှာ
အမေက အိုနေတဲံ တံခါးရွက်ကလေး
အမေ့ပတ္တာဟာ ဇရာသံတကျွီကျွီ မြည်နေပါပြီ ...တဲ့
မိသားစု အပေါက်အပြဲကို
အထည်ချုပ်မှာ ဖာထေးနေရရှာတဲ့
ညီမလေးက
သူနားလည်ထားတဲ့ ပါဒတွေနဲ့ 
မိသားစုအိမ် ကိုဝါကျဖွဲ့ တယ်
မောင်လေးက
တစ်နိုင်တစ်ပိုင် အဓိပါယ်နဲ့ 
မိသားစု အိမ်ကို ဘာသာ ပြန်တယ်
အမေ......
သမီးရှာမိတဲ့ မာတိကာထဲမှာတော့
 မိသားစု အိမ်ဟာ ရေစိုနေတဲ့ စာမျက်နှာ
ဇာတိမြို့ ကလေးလို
 အမေ့နာမည်ကို လက်သည်းကွင်းမပိတ်ခင်
သမီးအိမ်ပြန်ချင်တယ်အမေ
အိမ် ဆိုတာ
တစ်ယောက်တစ်နိုင်ငံစီ စိုက်ထားတဲ့တိုင်တွေနဲ့ လား
မိသားစု ဆိုတာ
မတော်တဆ လွတ်ကျသွားတဲ့ ကြွေပန်းကန်တစ်ချပ်လား
ဒီ အိမ် မဟုတ်တဲ့ အိမ်ထဲ
နိစ္စဓူဝ ပြောင်လက်အောင်တိုက်ချွတ်နေရတာ
သမီးစိတ်ကို မဟုတ်ဘူးအမေ
ဒီ အိမ်မဟုတ်တဲ့ အိမ်ထဲ
နိစ္စဓူဝ စင်ကြယ်အောင်လျှော်ဖွတ်နေရတာ
သမီးဘဝကို မဟုတ်ဘူးအမေ
ဒီ အိမ် မဟုတ်တဲ့ အိမ်ထဲ
နိစ္စဓူဝ ပျော်ရွှင်အောင်ထိန်းကျောင်းနေရတာ
သမီးစိတ်ကို မဟုတ်ဘူးအမေ
ဒီ အိမ် မဟုတ်တဲ့ အိမ်ထဲ
နိစ္စဓူဝ ထမင်းမေ့ ဟင်းမေ့ဆာလောင်နေတာ
သမီးမစာအိမ်က မဟုတ်ဘူးအမေ
ဘယ်သူမှ မမြင်ဘူး
အရိပ်တုထဲ အန္တရာယ်ကို ခင်းအိပ်နေရတဲ့ အရိပ်တစ်ခုကို
ဘယ်သူမှ မကြားဘူး
တိုက်ပိတ်ခံထားရတဲ့ အခက်အချိုးခံ ရှိုက်သံကို
ဘယ်သူမှ မသိဘူး
သမီးလိုချင်တဲ့ မိသားစု အိမ်ကို
သမီးမလိုချင်တဲ့ ခေတ်ကြီး တစ်ခုလုံးနဲ့  လဲယူဖို့ 
တစ်ဘဝစာ အလုက်ပေးလိုက်ရတယ် အမေ  ။
                                                                        ဆူးရဲ
Monday 3 September 2012
နေ့သစ်ကို သွေးသစ်နဲ့ထွန်းမယ်
တစ်ယောက်ရင်တစ်ယောက်
ဖွင့်ကြည့်တဲ့ ပတ္တာသံမှာ သံယောဇဉ်တွေ
အိမ်မြှောင်တစ်ကောင်လို အမြီးပြတ်နေတာ
ပိုင်စိုးပိုင်နင်း ဆွဲခေါ်ခံနေရတဲ့ အသက်တွေမှာ
အိမ်လွမ်းစိတ်တွေ
ဒီရေလို တရိပ်ရိပ်တက်နေတာ
ငါတို့ဟာ...
မိခင်ရှိတဲ့ ပင်လယ်ဆီ ပြန်မကူးနိုင်သေးခင်
အမျှားခံနေရတဲ့ ဆယ်လမွန်ငါးတွေနဲ့လည်း
တူလှရဲ့။
ငါတို့ဟာ...
အစာအတွက် အန္တရာယ်နဲ့ယဉ်ပါးအသားကျနေတဲ့
မြို့ကျီးကန်းတွေနဲ့လည်း တူလှရဲ့။
ဒါမှမဟုတ် ငါတို့ဟာ...
လေထုထဲ၊ လူထုထဲမှာ ညှော်နံ့ထွက်နေတဲ့
ကာဗွန်ဒိုင်အောက်ဆိုဒ်တွေများ ဖြစ်နေပြီလား
တကယ်တော့ ငါတို့ဟာ...
ယန္တရားတွေကြားမှာ ကိုယ့်ကိုယ်ကို
အချောမထုတ်နိုင်တဲ့ ကုန်ကြမ်းတွေပါကွာ... ။
ပဒေသရာဇ်ခေတ် မဟုတ်တာက လွဲရင်
အိုင်တီခေတ်သစ်ရဲ့ ဘူဇွာတွေလက်ထဲက
ကိုယ့်ဘ၀ကို ကိုယ်လုပ်အားနဲ့
ပြန်ရွေးနေရသလိုမျိုး
ငါတို့ဟာ...
ကိုယ်သောက်တဲ့ ရေကို
ကိုယ့်ချွေးနဲ့ ပြန်အန်ပေးရတယ်။
ငါတို့ဟာ...
ကိုယ်စားတဲ့ ထမင်းကို
ကိုယ်နင်းတဲ့ မြေကြီးပေါ် ပြန်ခင်းပေးရတယ်။
ငါတို့ဟာ...
ကိုယ်ခင်းတဲ့ လမ်းကို
ကိုယ့်ကျောပေါ် ပြန်ထမ်းထားရတယ်။
ဘာဆန်းလို့လဲကွာ
ငါတို့ဟာ...
ဆရာကြည်မောင်သန်း ပြောတဲ့အတိုင်း
အာရှကျားတွေ သွားကြားမှာ ညပ်နေတဲ့
အသားဖတ်တွေပဲ။
ဘာဆန်းလို့လဲကွာ
ငါတို့ဟာ...
ရေပေါ်ဆီလူတန်းစားတွေရဲ့သွားရည်စာ
(KFC)လို ကြွပ်ကြွ့ပ်အကြော်ခံနေရတဲ့ ဘ၀မှာ
(Hard Rock) ဟားရော့ ကဖေးမှာလည်း
ထိုင်ဖူးချင်မနေပါနဲ့ကွာ။
ငါတို့ကမန်းကတန်း ထိုးသိပ်နေရတဲ့
အစာအိမ်ကိုက
သူတို့စားနေကျ အီတလီ ပီဇာလောက်မှ
ထုပ်ပိုးမှု မလှပခဲ့ပဲ။
ဘာဆန်းလို့လဲကွာ
သူတို့ ကလေးတွေ
လက်ပ်တော့ တစ်ယောက်တစ်လုံးနဲ့
အလုပ်ရှုပ်နေချိန်
ငါတို့ ကလေးတွေ
စာအုပ်အဖုံးချုပ်နေရတာပဲ။
ဘာဆန်းလို့လဲကွာ
ငါတို့ဟာ...
ပီထရိုနပ်စ် မျှော်စင်အောက်
ခေါင်းငုံ့လျှောက်နေရတာပဲ။
ဘာဆန်းလို့လဲကွာ
ငါတို့ဟာ...
(KLCC)ကို မော်ဖူးနေရတာပဲ။
ဘာဆန်းလို့လဲကွာ
ငါတို့ဟာ...
ဂျလန်းယူသန့်ပေါ် ခြေတစ်လှမ်းလှမ်းမိတိုင်း
ကြက်သီးတဖျန်းဖျန်းထခဲ့ကြပေမယ့်
အဲဒီလမ်းနာမည်ကို
လူကြားအောင်မှ ငါတို့ဘာသာမပြန်ရဲကြပဲ။
ဘာဆန်းလို့လဲကွာ
ငါတို့ဟာ...
ဂျိုဟိုးတစ်ဖက်ကမ်းကို ကြည့်မိတိုင်း
ခြင်္သေ့တစ်ပိုင်း ငါးတစ်ပိုင်းကြီး ရာဇ၀င်ကို သိဖို့
လီကွမ်ယုသမိုင်းကို လှန်ဖတ်နေရပြီပဲ။
အခုတော့...
ပီနန်တံတားလို
အလျားရှည်နေတဲ့ ငါတို့ဒုက္ခပေါ်
နောက်ကားတွေ ကျော်တက်သွားကြတယ်။
ငါတို့...
မိဘထားခဲ့တဲ့ ကုဋေရှစ်ဆယ်နဲ့ယစ်မူးခဲ့ကြတယ်။
ငါတို့...
တလွဲမာနတွေနဲ့
ဖန်ခွက်ချင်းတိုက်ခဲ့ကြတယ်။
ငါတို့...
အမှားတွေကို အမြည်းလို
တဖဲ့ချင်းဝါးခဲ့ကြတယ်။
ငါတို့...
နားထင်ရောက်နေတဲ့ သွေးတွေနဲ့
မူးခဲ့ကြတယ်။
ငါတို့...
ပြတင်းပေါက်ကို ပိတ်ပြီး အိပ်ခဲ့ကြတယ်။
ငါတို့...
လန့်နိုးလာတဲ့အခါ
ကြမ်းပြင်ပေါ်ကျကွဲနေတဲ့ အစအနေတွေဟာ
ငါတို့
မိသားစုတွေ ဖြစ်တယ်။
ငါတို့...
မေ့နေတဲ့ ခေတ်က
ငါတို့ကို
အမေ့ခံအဖြစ် ချန်ရစ်ခဲ့တယ်။
ငါတို့...
ဒီအချိန်မှာ အချိန်ဆိုတာကို
ချိန်ခွင်နဲ့ချိန်ရလိမ့်မယ်။
ငါတို့...
ရောက်တဲ့နေရာက စမယ်။
ငါတို့...
နောက်တစ်ခါ မမှားရအောင်
အပ္ပမာဒေန တရားနဲ့
ငါတို့...
သွေးသစ်ကို သွန်းပြီး
ငါတို့...
နေ့သစ်ကို ထွန်းကြစို့ရဲ့။   ။
                                                                     ဆူးရဲ
                               (စာပွင့်လွှာ ရသစုံမဂ္ဂဇင်း အမှတ်-၂၊ သြဂုတ်လ၊ ၂၀၁၂၊ ကဗျာရှည်။)
Sunday 2 September 2012
လမ်း
ငါတို့ရှင်သန်ရာ အကြောင်းအရာတွေများလွန်းလို့
ခေါင်းစဉ်ကိုအရင်မတပ်ချင်ဘူး
သူငယ်ချင်း
လူ့ဘ၀ဆိုတာ တို့ငယ်ငယ်က ကန်တဲ့ဘောလုံးလိုပဲ
ကြာလာလေ အဖာအထေးများလာလေလေ
ငါက မန်ချက်စတာယူနိုက်တက်နဲ့
တရုတ်ကပြားမလေးကို ကြိုက်ခဲ့သလို
မင်းက တရုတ်ကုန်ပစ္စည်းကို မုန်းပြီး
လေးဖြူကို ကြိုက်တယ်
ပြီးတော့
အချစ်ကို ဘေထုပ်တီရှပ်လိုထည်လဲဝတ်တယ်
ပြီးတော့
ကနွဲ့ကလျနဲ့ ငါ့ရှေ့လွမ်းပြတတ်သေးတယ်
ဂစ်တာပေါ်ကျတဲ့ မင်းမျက်ရည်ဟာ
မြက်ခင်းပေါ်ကနှင်းလို
လရောင်အောက် ဖိတ်ဖိတ်တောက်လို့
ဖယောင်းတိုင်အောက် ကဗျာရေးတဲ့ငါနဲ့
အမှောင်ကို ကီးချိန်းတဲ့မင်း
ငွေကို ဒုတိယဘုရားသခင်လို့ထင်တဲ့လူတွေကြားထဲ
မင်းနဲ့ငါ့ရဲ့အနုပညာဟာ လူရာမ၀င်ခဲ့ဘူး
မင်းကိုချန်ထားပြီး
ငါ့ကိုတွန်းရွှေ့လိုက်တဲ့အမြန်ရထားဟာ
ပြက္ခဒိန်ပေါ်က တွားသွားသတ္တ၀ါပဲ
ကမ္ဘာကြီးလုံးနေတုန်းက
ငါတို့ လက်ဖက်ရည်ဆိုင်မှာတရုန်းရုန်း
အခု ကမ္ဘာကြီးပြားကာမှ
တစ်ယောက်ကိုတစ်ယောက် ရှာမတွေ့ရတယ်လို့ကွာ …
ငါကတော့
မနေ့က လောကဓံအဟောင်းကိုချွတ်ပြီး
ဒီကနေ့ လောကဓံအသစ်နဲ့လဲဝတ်တယ်
မင်းကရော
ဂစ်တာပေါ်က မင်းလက်ကိုအကွက်ရွှေ့သလို
မြေကြီးပေါ်က မင်းခြေထောက်ကိုရော
ဘယ်ကို ရွှေ့နေပြီလဲ
ရွှေ့ထား သူငယ်ချင်း
အဲ့ဒီ့ထောင့်မှာ ပေရပ်နေရင်
မင်း အလဲထိုးခံရလိမ့်ဦးမယ်
ငါကတော့
အဲဒီ့ကြိုးဝိုင်း အပြင်ဘက်က
ဘယ်လက်ခုပ်သံကိုမှ မဆာလောင်တော့ဘူး
သံသရာအတွက်
အမေပြပေးတဲ့ တရားနဲ့
သိမ်သိမ်မွေ့မွေ့ ခေါင်းမာတယ်
သတ္တိအတွက်
အဖေချပေးတဲ့ ဓါးနဲ့
တွေးတွေးခေါ်ခေါ် မိုက်မဲတယ်
ဘ၀အတွက်
အပေါင်းအသင်းမမှားဖို့
လူကြီးမိဘ ဆုံးမတဲ့ကြားက
အနုပညာနဲ့ပေါင်းရင်း ကဗျာနဲ့အိမ်ထောင်ကျတယ်
တစ်မိပေါက်တစ်ယောက်ထွန်း
လူနက္ခတ်နဲ့သိဟ်ရာသီဖွား ငါ့ဗီဇကိုက
ထုတ်ပြီးတဲ့ ဓါးကိုမခုတ်ရဘဲ
ဓါးအိမ်ထဲ ပြန်မသွင်းတတ်တဲ့
အဲဒီလို ခပ်ရိုင်းရိုင်းဆာမူရိုင်းလိုကောင်
ငါ့သွေးကို စစ်ကြည့်တိုင်း
ဆေးမှင်ကြောင်ထိုးသလို
အနုပညာပိုးက positive ပြတယ်
ငါ့ရောဂါကို ဓါတ်မှန်ရိုက်ကြည့်တိုင်း
ကဗျာစားထားတဲ့ အသည်းက
ဇကာပေါက်တောင်ဖြစ်နေပြီတဲ့
ဘယ်ဆေးသောက်သောက်
မပျောက်ဘူး သူငယ်ချင်း
ငါ့မှာ ငှက်ဖျားလို တက်လွယ်၊ကျလွယ်
ဆန္ဒအမြီးတန်းလန်း စိတ်ကလေးရှိတယ်
ငါ့မှာ ထိလွယ်၊ရှလွယ်
အမှန်တရားနဲ့ မှန်စာတိုက်ထားတဲ့ နှလုံးသားရှိတယ်
ငါ့မှာ ရစ်ဘီးပျောက်နေတဲ့ နောင်တရှိတယ်
ငါ့မှာ အသိုက်အမြုံကိုဆန်တဲ့
အတောင်ပံ တစ်စုံရှိတယ်
ငါ့မှာ ဒဏ်ရာကို ခဏခဏပြန်ဆွတတ်တဲ့ အာရုံရှိတယ်
ငါ့မှာ ငါ့သက်ပြင်းကို ချောင်းနားထောင်တဲ့ ညတွေရှိတယ်
ငါ့မှာ ခေါင်းအုံးပေါ်စီးနေတဲ့ မြစ်နှစ်စင်းရှိတယ်
ငါ့မှာ ငယ်ဘ၀ကို ခေါင်းမြီးခြုံထားတဲ့ အိပ်ရာဝင်ပုံပြင်ရှိတယ်
ငါ့မှာ ၀မ်းရည်စပ်တဲ့ အမေ့ဓါတ်ပုံလေးရှိတယ်
ငါ့မှာ ကိုယ့်ပေါင်ကိုယ်လှန်ထောင်းတဲ့ ဘောပင်တစ်ချောင်းရှိတယ်
ငါ့မှာ အနာကို ပြာသိပ်ဖို့ ဆေးလိပ်ခွက်ကလေးလည်းရှိတယ်
ငါ့မှာ ထီးရိုးကျိုးနေတဲ့ ကံကြမ္မာနဲ့ကျွန်းခံနေတဲ့ မိသားစုရှိတယ်
ရှိတယ် …..
ရှိတယ် သူငယ်ချင်း
အဲ့ဒီ့အရှိတရားတွေနဲ့ ငါတို့အပေါ်ပိကျနေတဲ့ ခေတ်က
မြို့လယ်ခေါင်က ဗီနိုင်းကြီးတွေကိုမော့ကြည့်နေရသလိုပဲ
မြို့ကြီးပြကြီးထဲ တောခြောက်ခံနေရတဲ့ငါဟာ
မတ်စောက်တဲ့ မိသားစုကို တွယ်တက်နေရတယ်
တော်ပြီ သူငယ်ချင်း
ရှေ့ဆက်ပြောရင်
ငါ့ရင်ဘတ်ကို ငါ့အသံနဲ့ရိုက်ခွဲမိလိမ့်မယ်
မင်းအခုဘယ်မှာလဲ
ငါတို့ဘ၀တွေ
တစ်နေ့ အစားခံရမယ်ဆိုလည်း
ငါ့အရိုးကို သွေးပြီးအနာတရများနေတဲ့
ကမ္ဘာကြီးရဲ့အရေပြားပေါ်မှာကဗျာရေးမယ်
မင်းက သစ္စာတရားကို ဂစ်တာလိုထမ်းခဲ့
လောကရဲ့နံကြားမှာ အသားတစ်ဖက်အဖြစ်နဲ့
အသံမြည်နေတဲ့ အစာအိမ်တွေအတွက်သံစဉ်ရှာ
ပြီးရင်တော့
အဲဒီလမ်းမှာ မင်းနဲ့ငါ ……။     
                                                   ဆူးရဲ